Monday, January 2, 2012

လှချင်ရင် အဆင်မမှားစေနဲ့(အလှစစ်)

လူသားအားလုံး အလှတရားကို တန်ဘိုးထားတတ်ကြ၏။ လှတာကို မက်မောတတ်ကြသလို ပိုပြီးလှအောင်လည်းဖန်တီး တတ်ကြလေ၏။
အလှတရားသည် လောကကို တန်ဆာဆင်ထားသလို လူသားတို့၏ နှလုံးသားကိုလည်း နူညံ့စေတတ်ပါသည်။ ထို့ကြောင့် အလှတရားသည်
နေရာတိုင်းတွင် ဦးစားပေးခြင်းကိုခံရမြဲဖြစ်သည်မှာ သိသာထင်ရှားလှပေ၏။

လှချင်သောသူများသည် ၀တ်စားဆင်ယင်မှုမှန်ကန်တည့်မတ်ဖို့လိုအပ်သလို နေရာကျဖို့လည်းလိုအပ်လှပေ၏။
သို့မှသာ အလှတရားသည်ပေါ်လွင်ထင်ရှားပေလိမ့်မည်ဖြစ်၏။ အလှတရားသည် အပြင်အဆင်အနေအထားအရွေးမှားခဲ့လျှင် တော့ အလှတန်ဘိုးပျက်သုံးရပေတော့၏။   

ဥပမာ - ဆံပင်အလွန်ကောင်းသော မိန်းကလေးတစ်ဦးဆိုပါစို့။
ပတ်ဝန်းကျင်က ထိုမိန်းကလေးကိုမြင်လျှင် ``ဟယ်  - ဆံပင်လေးကလှလိုက်တာ ၊ နက်ချိတ်ပြီး ဖြောင့်စင်းနေတာဘဲ။ မြန်မာဆန်ဆန်လေးနဲ့
ကျက်သရေရှိလိုက်တာ´´ ဟုဝိုင်းဝန်းချီးမွမ်းထောမနာပြုကြပေလိမ့်မည်ဖြစ်၏။ ထိုသို့ချီးမွမ်းခံရခြင်းမှာ တစ်ခြားကြောင့်မဟုတ်ပေ ဆံပင်၏နေရာမှန်သောကြောင့်သာ။

အမှန်အားဖြင့် ထိုဆံပင်ချည်တစ်မျှင်သည် မိမိစားမည့်ထမင်းထဲများရောက်နေခဲ့မည်ဆိုလျှင်တော့ အလှတရားကိုဖော်ဆောင်နိုင်မှုမရှိဘဲ
`` ဟင်  -  ရွံစရာကြီး ၊ ဘာအမွှေးကြီးမှန်းလည်းမသိဘူး၊ စားချင်စိတ်တောင်ပျောက်သွားပြီ´´စသည်ဖြင့် ကဲ့ရဲ့ကြမည်မလွဲပေ။
နောက်ထပ်ဥပမာတစ်ခုဆိုရပါလျှင် `နှုတ်ခမ်းနီ´ ဖြစ်၏။

ထိုနှုတ်ခမ်းနီသည် မိန်းကလေးများ၏ နှုတ်ခမ်းထက်တွင်နေရာယူ ထားလျှင်ဖြင့်
``ဟယ် - ဟိုမှာကြည့်စမ်းပါဦး ၊ လှလိုက်တာ နှုတ်ခမ်းလေးကို ရဲနေတာဘဲ ၊
နှုတ်ခမ်းလေးက နှင်းဆီရောင်သန်း နေတာချစ်စရာလေး´´ စသည်ဖြင့် ချီးမွမ်းကြပေလိမ့်မည်။
သို့သော် ထိုနှုတ်ခမ်းနီမှာ အများသောက်တဲ့ သောက်ရေခွက်တွင် ပေကျံနေ သောအခါတွင်မူ
``ဟင် - ဘယ်သူတွေသောက်သွားတယ်မသိဘူး၊ နှုတ်ခမ်းနီတွေပေကျံနေတာ ရွံစရာကြီး  ၊
ဟဲ့ ရော့  ဒီခွက်ကိုပြောင် အောင်ဆေးလိုက်ကြစမ်း´´ဟု ပြစ်တင်ပြောဆိုခံရမည်သာဖြစ်၏။
ထို့ကြောင့် အလှတရားသည် နေရာကျဖို့ အမှန်တကယ်လိုအပ် လှပေ၏။

လောကလူသားအားလုံးကလည်း မိမိတို့လှမည်ထင်သည်တို့ကို ရွေးချယ်ပြီးဝတ်ဆင်တတ်ကြလေ၏။ တစ်ချို့ တစ်ချို့က မြန်မာဆန်ဆန် ၀တ်ထားလျှင် ကြည့်ကောင်းပြီး ကျက်သရေရှိသလို တစ်ချို့မှာ ခေတ်ဆန်ဆန်ဝတ်သောအခါ အသွင်တစ်မျိုးဆန်းပြီး ချစ်စရာကောင်နေတတ်ပါသည်။

သို့သော် မြန်မာဆန်ဆန်ဝတ်မှ လှတတ်သောသူများအတွက်ခေတ်ဆန်ဆန်ဝတ်လျှင်မလိုက်ဖက်သလို
ခေတ်ဆန်စွာဝတ်စား ဆင်ယင်မှလှသောသူများအတွက်လည်း မြန်မာဆန်ဆန်ဝတ်လျှင်
ကြည့်ရတာအဆင်မပြေတတ်ပေ။
ထို့ကြောင့် ``လှချင်လျှင် အဆင်မှားလို့မရ´´ဟုသာ ကောက်ချက်ချ သုံးသပ်မိပါသည်။

တကယ်တော့ လောကအတွင်းမှာ ကျင်လည်နေသောအလှတရား သည် အချိန်အခါနှင့်ဆိုင်သလို အသက်အရွယ်အားဖြင့် သတိထား ဆင်ခြင်စရာတစ်ခုဖြစ်လေ၏။
အလှတွေဘယ်လောက်ပြင်ပြင် တန်ဆာတွေ ဘယ်လောက်ဘဲ ဆင်ဆင် အသက်အရွယ်ကြီးပြီး မျက်စိမှုံ ၊ နားထိုင်း ၊ ခါးကိုင်းလို့ ပါးရေနားရေတွန့် ၊ ဆံပင်ဖြူ ၊ သွားကျိုး အကျည်းတန် အရုပ်ဆိုး
လာသောအခါတွင်မူ လူသားတို့သတ်မှတ်ထားသော ထိုအလှတရားကို ပိုက်စိပ်တိုက်ရှာဖွေပါသော်လည်း လိုက်လေဝေးလေ ရှာလေပျောက်လေဖြင့် အစအနပင် မကျန်ရစ်တော့ပေ။
ထိုအခါ စဉ်းစားစရာတစ်ခု ပေါ်ပေါက်လာလေပြီ။ ထိုအရာကား -

``လောကတွင် စစ်မှန်သော အလှတရားကား ဘယ်ဟာပါနည်း´´

ထိုစစ်မှန်သော အလှတရားကို ရှာဖွေမတွေ့သရွေ့လှသည်ထင်ရသောအရာများ
(အလှအတုအပများ)  ဖြင့်သာ ကျေနပ်နေရပေလိမ့်မည်ဖြစ်၏။ သို့တည်းမဟုတ် အတုအပဖြစ်သောအလှများကိုကျေနပ်နှစ်သိမ့်နေသရွေ့ စစ်မှန်သော အလှတရားများမှာ ပျောက်ကွယ်နေဦးမည်သာဖြစ်၏။

သို့ဆိုလျှင် အလှတရားကို တန်ဘိုးထားသူတို့အတွက် အကာကိုအနှစ်ထင်ပြီး အနှစ်မပါအကာသက်သက်အလှတရားကိုသာ ရှာဖွေသိမ်းပိုက်ထားသဖြင့် နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့  အသာရအလှတရားကိုသာ အစစ်ထင်နေကြဦးမည်သာဖြစ်၏။

ထို့ကြောင့် ရှာဖွေဘို့လိုလာပါပြီ။
``စစ်မှန်သော အလှတရားကားဘယ်ဟာပါနည်း´´

အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ်ထံသို့ အမျိုးအမည် အားဖြင့် မထင်ရှားသော နတ်သားတစ်ပါးသည် ညသန်းခေါင်ယံအချိန်တွင် ထိုအလှတရားနဲ့ပတ်သတ်ပြီး မေးလျှောက်ဖူးလေ၏။
``ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ၊ တပည့်တော် ရှင်တော်မြတ်ဘုရားအား သိလိုသောအကြောင်းအရာတစ်ခုကို မေးလျှောက်လိုပါ၏ဘုရား´´

``အမောင်နတ်သား ၊ သင်သိလိုရာမေးပါလေ´´ ဟု ဘုရားရှင် ခွင့်ပြုတော်မူသောအခါ -  -  -
``ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ လူသားအားလုံးတို့သည် အလှတရားကို တန်ဘိုးထားတတ်ကြသည် ဖြစ်သောကြောင့် မိမိတို့ လှမည်ထင်သောတန်ဆာတို့ကို ၀တ်ဆင်ပြီး အလှဆင်တတ်ကြပါသည်ဘုရား၊ သို့သော် အသက်အရွယ်ကြီးပြီး အိုမင်းရင့်ရော်လာသောအခါတွင်မူ ထင်မှတ်ထားသည့်အတိုင်း တကယ်မလှကြတော့ပါဘုရား´´ထိုကဲ့သို့အသက်အရွယ်ကြီးသည့်တိုင်အောင်
လှနေဘို့ရာ အဘယ်ကဲ့သို့လုပ်ဆောင်ရပါမည်နည်းဘုရား´´ ဟုလျှောက်ထား လေလျှင်

ဘုရားရှင်ကိုယ်တော်မြတ်က အောက်ပါအတိုင်းမိန့်တော်မူ လေ၏။

``သီလံ ယာဝ ဇရာ သာဓု ´´ဟူသည်တည်း။
အလှစစ်သည်တစ်ခြားမဟုတ်၊ သီလတရားပင်တည်း။

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ၊ ရူ တိုင်းလှပါ၊
သီလစောင့်ငြား ၊ မလားပါယ်ရွာ၊
မြတ်သီလ ၊ စိတ်ချကိုးကွယ်ရာ။

No comments:

Post a Comment